HIV ဆိုတာ ဘာလဲ။

HIV ဆိုတာ ဗိုင်းရပ်စ် ရောဂါပိုးနဲ့  ဗိုင်းရပ်စ် ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂါရဲ့ အမည်ဖြစ်ပါတယ်။

H = human – လူများကူးစက်ရရှိသည်

I = ကိုယ်ခံစွမ်းအားကျခြင်း – ရောဂါပိုးက သင့် ကိုယ်ခံစွမ်းအားစနစ်ကို တိုက်ခိုက်သည်

V = ဗိုင်းရပ်စ် ရောဂါပိုး – သင့်အား မမာမကျန်းဖြစ်စေတဲ့ ရောဂါပိုးမွှားပဲ ဖြစ်ပါတယ်။


HIV ရောဂါပိုးကို ဘယ်နည်းနဲ့ ရသလဲ။


လူတစ်ယောက်ကို ကြည့်ရုံနဲ့သူ့မှာ HIV ရှိ၊မရှိ သင် မသိနိုင်ပါဘူး။ ရောဂါပိုးရှိနေသူများဟာ အများအားဖြင့် ကျန်းမာပြီး နေထိုင်ကောင်းကြပါတယ်။

HIV ဟာ သွေး၊ လိင်ဆက်ဆံရာမှ စီးဆင်းတဲ့ အရည်များနဲ့ မိခင်နို့ရည်မှာ ရှင်သန်နေထိုင်ပါတယ်။ တကယ်လို့ အဲဒီ အရည်များထဲက တစ်မျိုးမျိုး သင့်သွေးလည်ပတ်မှုထဲ ရောက်ခဲ့ရင် သင့်ကို HIV ကူးစက်နိုင်ပါတယ်။ HIV ကူးစက်နိုင်တဲ့ ဖြစ်ရိုးဖြစ်စဉ်နည်းလမ်းမှာ –

  • လိင်ဆက်ဆံရာမှာ ကွန်ဒုံးများကို မသုံးခြင်း
  • မူးယစ်ဆေးဝါးထိုးသွင်းဖို့ အပ်တွေ၊ ဆေးထိုးပြွန်တွေ ဒါမှမဟုတ် ဇွန်းတွေကို သူတစ်ပါးနဲ့ အတူမျှပြီး အသုံးပြုခြင်း
  • ရောဂါပိုးသတ်မထားတဲ့အရာတွေနဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း ဒါမှမဟုတ် ရိုးရာယဉ်ကျေးမှုအရ ဆေးမင်ကြောင်ထိုးခြင်း၊ အရေပြားဖောက်ခြင်း၊ အရေပြားဖောက်ပြီး အလှအပ ပစ္စည်းများကိုထည့်ခြင်း ဖြစ်ပါတယ်။
  • မိခင်နို့ရည်
  • သွေးသွေးချင်း တိုက်ရိုက်ထိတွေ့ခြင်း ဥပမာ သွေးထဲမှာ HIV ရောဂါပိုးပါ၊မပါ စမ်းသပ်စစ်ဆေးမှုမလုပ်တဲ့ နိုင်ငံတွေမှာ သွေးအစားထိုးကုသခြင်းနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးကုသခြင်းများ ဖြစ်ပါတယ်။ သြစတြေးလျားနိုင်ငံမှာ စည်းကမ်းသတ်မှတ်ချက်များအားလုံးကို လိုက်နာပြီး ပြုလုပ်တဲ့ သွေးအစားထိုးကုသခြင်းနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးကုသခြင်းများဟာ ဘေးအန္တရာယ်ကင်းရှင်းပါတယ်။

သင့်အနေနဲ့ အောက်ပါအကြောင်းတွေကြောင့် HIV မကူးစက်နိုင်ပါ –

  • ပွေ့ဖက်ခြင်း
  • ချောင်းဆိုးခြင်း ဒါမှမဟုတ် နှာချေခြင်း၊
  • အစားအစာနဲ့ အရည်များကို သူတစ်ပါးနဲ့ အတူမျှ စားသုံးခြင်း
  • HIV ရှိနေသူ ပြင်ဆင်ချက်ပြုတ်တဲ့ အစားအစာများကိုစားခြင်း
  • သြစတြေးလျားနိုင်ငံမှာ သွေးအစားထိုးခြင်း နဲ့ တခြား ဆေးကုသမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် ကုသခြင်း
  • အိမ်သာများ ဒါမှမဟုတ် ရေချိုးခန်းများ HIV ရှိနေသူနဲ့ အတူမျှ အသုံးပြုခြင်း
  • ပိုးမွှား ဒါမှမဟုတ် တိရစ္ဆာန် ကိုက်ခြင်းများ
  • HIV ရှိနေသူများနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံခြင်း
  • ရေကူးကန်များ ဒါမှမဟုတ် ကျန်းမာရေးလေ့ကျင့်မှုပြုလုပ်ရာ အဆောက်အဦများ မှာ မကူးစက်နိုင်ပါဘူး။

(အိပ်ခ်ျအိုင်ဗီ) HIV က ခန္ဓာကိုယ်ကို ဘာလုပ်နိုင်ပါသလဲ။


HIV ရောဂါပိုးက သင့် ကိုယ်ခံစွမ်းအားစနစ်ကို တိုက်ခိုက်ပါတယ်။ သင့် ကိုယ်ခံစွမ်းအားစနစ်က ရောဂါကူးစက်ပျံ့ပွားခြင်းကို တိုက်ထုတ်ပြီးသင် နာမကျန်းမဖြစ်စေရန် ကာကွယ်ပေးပါတယ်။ HIV ရောဂါပိုးက သင့် ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေတဲ့အတွက် သင့်ကို အကာအကွယ် မပေးနိုင်တော့ပါဘူး။ တကယ်လို့ သင့်မှာ HIV အတွက်ဆေး မရှိခဲ့ရင် သင် ဆိုးဝါးစွာ နာမကျန်း ဖြစ်လာနိုင်ပါတယ်။

HIV နဲ့ AIDS က တူပါသလား။


မတူပါ။

HIV က ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကိုယ်ခံစွမ်းအားစနစ်ဆိုင်ရာ ကလာပ်စည်းများကို တိုက်ခိုက်သတ်ဖြတ်တဲ့ ဗိုင်းရပ်စ် ရောဂါပိုး ဖြစ်ပါတယ်။

AIDS က ဗိုင်းရပ်စ် ရောဂါပိုး မဟုတ်ပါ

AIDS ဆိုတာ သင့် ကိုယ်ခံစွမ်းအားစနစ် အလွန်အားနည်းနေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်ကို တိုက်ခိုက် ဖြစ်ခဲတဲ့ ရောဂါများ ဒါမှမဟုတ်နာမကျန်းဖြစ်မှုများ ဖြစ်ပါတယ်။ ထိုဖြစ်ရပ်က သင့် ကိုယ်ခံစွမ်းအား ကလာပ်စည်းများ အားလုံးနီးပါးကို HIV က သတ်ဖြတ်ပြီးတဲ့အချိန်မှာသာ ဖြစ်ပွားပါတယ်။ အဲဒီလိုဖြစ်ဖို့ နှစ်ပေါင်းများစွာ ကြာမြင့်ပါတယ်။

ဆေးဝါးများက ကာကွယ်တားဆီးနိုင်တဲ့အတွက် AIDS ဟာ ဩစတြေးလျားနိုင်ငံမှာအဖြစ်နည်းပါတယ်။

HIV ရှိနေခြင်းကြောင့် သင် ဩစတြေးလျားနိုင်ငံမှာ AIDS နဲ့ သေဆုံးလိမ့်မယ်လို့ မဆိုနိုင်ပါဘူး

HIV ရှိ၊မရှိ ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။


HIV ရှိ၊မရှိ သိဖို့ တစ်ခုတည်းသောနည်းလမ်းမှာ သွေးစစ်ဆေးမှု ပြုလုပ်ရန် ဖြစ်ပါတယ်။

  • တကယ်လို့ အဖြေက ‘မရှိ’ ‘negative’ ဟု ပြရင် သင့်မှာ HIV မရှိပါ။
  • တကယ်လို့ အဖြေက ‘ရှိသည်’ ‘positive’ ဟု ပြရင် သင့်မှာ HIV ရှိနေပါတယ်။

လူအများက နေထိုင်ကောင်းနေတဲ့အတွက် မိမိတို့မှာ HIV ရှိမှန်း မသိကြပါဘူး။ ဒါပေမဲ့ သင် HIV စတင်ရရှိချိန်မှာ အောက်ပါတို့ကို ခံစားကောင်း ခံစားရနိုင်ပါတယ်။ –

  • ခေါင်းကိုက်ခြင်း
  • အဖျားတက်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အကျိတ်များ ရောင်ခြင်း
  • လည်ချောင်း နာခြင်း
  • အရေပြားပေါ်မှာ အဖု၊အပိမ့် အနီကွက် ထခြင်း
  • ကြွက်သားနဲ့ အဆစ်အမြစ် နာကျင်ခြင်း
  • ပါးစပ်ထဲမှာ ပြည်တည်နာဖြစ်ခြင်း
  • လိင်အင်္ဂါမှာ ပြည်တည်နာဖြစ်ခြင်း
  • ညဘက်မှာ ချွေးများထွက်ခြင်း
  • ဝမ်းလျှောခြင်း တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အထက်ပါအချက်များဟာ တုပ်ကွေး၊ အအေးမိခြင်းနဲ့  အခြားနာမကျန်းမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။  တကယ်လို့ သင့်မှာ HIV ရှိနေနိုင်တယ်လို့ ယူဆခဲ့ရင် ဆရာဝန်နဲ့ မဖြစ်မနေတွေ့ပြီး စစ်ဆေးပေးဖို့ပြောပါ။

HIV ရှိနေခဲ့ရင် ဘာလုပ်ရမလဲ။


အရင်ဆုံး ဆရာဝန်နဲ့  တွေ့ဆုံဖို့ လိုအပ်ပါတယ်။  တကယ်လို့ သင် ဆန္ဒရှိရင် ဆွေးနွေးအကြံပေးတစ်ဦးဦးနဲ့  တွေ့ဆုံဖို့လည်း သူတို့က စီစဉ်ပေးနိုင်ပါတယ်။

 

ဆရာဝန်က သင့်ကို HIV   ဆေးဝါးများ ပေးပါလိမ့်မယ်။ အဲဒီ ဆေးဝါးတွေက သင့်ကို အသက်ရှည် ကျန်းမာစွာ နေနိုင်စေပါလိမ့်မယ်။

HIV ကို ထိန်းသိမ်းကုသမှု ဒါမှမဟုတ် ပျောက်ကင်းအောင်ကုသမှု ပြုနိုင်ပါသလား။


HIV ကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပါ၊ ဒါပေမဲ့ ထိန်းသိမ်းကုသမှု ပြုလုပ်နိုင်ပါတယ်။

ဆေးဝါးများက သွေးထဲရှ ဗိုင်းရပ်စ် ရောဂါပိုးတွေရဲ့ အရေအတွက်ကိုအဏုကြည့်ကိရိယာနဲ့တောင် မမြင်နိုင်တော့လောက်အောင်နည်းပါးသွား စေဖို့ လျှော့ချနိုင်ပါတယ်။ ဒီအခြေအနေကို ကျွန်ုပ်တို့ ‘ရှာဖွေမတွေ့နိုင်သော ရောဂါပိုး ပမာဏ’ ‘undetectable viral load’ လို့ခေါ်ပြီး အဓိပ္ပါယ်မှာ သင်ဟာ HIV ကြောင်နာမကျန်းမဖြစ်နိုင်ကြောင်းနဲ့ ပုံမှန်သက်တမ်းအတိုင်း နေသွားနိုင်မှာဖြစ်ကြောင်း ဆိုလိုပါတယ်။ တကယ်လို့ သင် ဆေးမှန်မှန်စားနေခဲ့ရင် သင့်ဆီကနေ သူတစ်ပါးကို HIV မကူးစက်တော့ဘူးလို့လည်း ဆိုလိုပါတယ်။

HIV မကူးစက်အောင် ကိုယ့်ကိုကိုယ် ဘယ်လို ကာကွယ်နိုင်မလဲ။


မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးခံပြီး မိမိ ဒါမှမဟုတ် မိမိနှင့် လိင်ဆက်ဆံတဲ့ ကြင်ဖော်ကြင်ဖက်တွေမှာ HIV ရှိ၊မရှိ ရှာဖွေစစ်ဆေးပါ  – တကယ်လို့ သင့်မှာ ကြင်ဖော်ကြင်ဖက် တစ်ဦးထက်မက ရှိခဲ့ရင် (ဒါမှမဟုတ် သင့် ကြင်ဖေါ်ကြင်ဖက်ကအခြားသူများနဲ့  လိင်ဆက်ဆံခြင်းပြုခဲ့ ရင်) စစ်ဆေးမှုကို မှန်မှန် ပြုလုပ်ပါ။ သင် လိင်ဆက်ဆံမှုပြုလုပ်တဲ့ ကြင်ဖော်ကြင်ဖက်များလေလေ သင် HIV ကူးစက်ရရှိနိုင်တဲ့အန္တရာယ်ကြီးမားလေလေ ဖြစ်ပါတယ်။

  • ကွန်ဒုံးများကို အသုံးပြုပါ။
  • လိင်ဆက်ဆံရာမှတဆင့် ကူးစက်ပျံ့နှံ့နိုင်တဲ့ ရောဂါကူးစက်မှုများ (Sexually transmissible infections) (STIs) ရှိ၊မရှိ စစ်ဆေးခံပြီး ကုသမှု ပြုလုပ်ပါ။ STI ရှိနေခြင်းက သင့်ထံ HIV ကူးစက်နိုင်ချေ ပိုများစေပါတယ် ဒါမှမဟုတ် အခြားသူများကို သင့်ထံမှ ကူးစက်နိုင်ချေ ပိုများစေပါတယ်။ သင့် ကြင်ဖော်ကြင်ဖက်များကိုလည်း STI’s ရှိ၊မရှိ စစ်ဆေးခံပြီး ကုသမှု ပြုလုပ်ခိုင်းပါ။
  • သင့်ဆရာဝန်ကို ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်တဲ့ဆေး (Pre-exposure prophylaxis) (PrEP) အကြောင်း မေမြန်းပါ။ PrEP ဟာ သင် HIV မကူးစက်နိုင်အောင် တားဆီးတဲ့ဆေးဖြစ်ပါတယ်။ ဒီဆေးဟာ HIV ရှိမနေပေမဲ့ ကူးစက်နိုင်ချေ မြင့်မားတဲ့သူတို့အတွက် ဖြစ်ပါတယ်။

‘ဖြစ်နိုင်သောအန္တရာယ်များသည်’ (‘High risk’) ဆိုတာကတော့ –

    • HIV ကူးစက်ေနတဲ့ကြင်ဖော်ကြင်ဖက် ရှိသူများ
    • လိင်ဆက်ဆံမှုဆိုင်ရာ ကြင်ဖော်ကြင်ဖက် တစ်ဦးမက ရှိသူများ
    • အခြားအမျိုးသားများနဲ့ အချင်းချင်း လိင်ဆက်ဆံတဲ့ အမျိုးသား
    • ကွန်ဒုံးကို အမြဲတန်း အသုံးမပြုသူများ
    • မူးယစ်ဆေးဝါးထိုးသွင်းတဲ့ အပ်များ၊ ဆေးထိုပြွန်များ၊ ရေနဲ့ ဇွန်းများကို သူတစ်ပါးနဲ့ အတူမျှသုံးသူများ ပါဝင်ပါတယ်။
  • ရောဂါပိုးသတ်ထားတဲ့ (သန့်ရှင်းတဲ့) မူးယစ်ဆေးဝါး ထိုးသွင်းတဲ့ ကိရိယာများနှင့် ရေကိုသာလျှင် အသုံးပြုပါ –ရောဂါပိုး မသတ်ထားတဲ့ ကိရိယာများကို ဘယ်အခါမှ သူတစ်ပါးနဲ့ အတူမျှပြီး မသုံးပါနဲ့။ HIV ဟာ ဆေးထိုးသွင်းတဲ့အပ်မှ မမြင်နိုင်တဲ့ သွေးပမာဏများတဆင့် လူတစ်ဦးမှတစ်ဦးကို ကူးစက်နိုင်ပါတယ်။
  • ဆေးမင်ကြောင်ထိုးခြင်းနဲ့ အရေပြားဖောက်ခြင်း – အပ်များနဲ့ အခြားကိရိယာများကို စနစ်တကျ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်တဲ့ ဒါမှမဟုတ် အသုံးပြုပြီးရင် အဲဒီပစ္စည်းတွေကို စွန့်ပစ်တဲ့ တရားဝင်လိုင်စင်ရ လုပ်ငန်းများကိုသာ အသုံးပြုပါ။ သင့်အတွက်သူတို့က မင် အသစ်ကို အမြဲအသုံးပြုခြင်း သေချာပါစေ။

•              သွေးအစားထိုးကုသခြင်းများနဲ့ အခြား ဆေးကုသမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ – ဩစတြေးလျနိုင်ငံမှာ သွေး၊ သွေးနဲ့ ဆက်စပ်ပြီး သုံးတဲ့ပစ္စည်းတွေနဲ့ လူ့အင်္ဂါများအားလုံးဟာ စစ်ဆေးထားပြီး ဘေးအန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံများမှာက သွေးအစားထိုးကုသခြင်းများ၊ သွေးနဲ့ ဆက်စပ်ပြီး သုံးတဲ့ ပစ္စည်းများနဲ့ လူ့အင်္ဂါများဟာ ဘေးအန္တရာယ် ကင်းချင်မှကင်းမယ် ဖြစ်ပါတယ်။

သူတစ်ပါးကို HIV မကူးစက်အောင် ဘယ်လို ရှောင်ကြဉ်ရမလဲ။


  • သင့်ဆရာဝန်နဲ့ HIV ဆေးသောက်ရန် ဆွေးနွေးပါ – HIV ဆေးက သွေးထဲရှိ ဗိုင်းရပ်စ် ရောဂါပိုး ပမာဏကို အလွန့်အလွန် နည်းပါးသွားစေအောင် ပြုလုပ်ပါတယ်။ သွေးထဲရှိ ဗိုင်းရပ်စ် ရောဂါပိုး ပမာဏမှာ အလွန့်အလွန် နည်းပါးသွားတဲ့အခါ သင့်အနေနဲ့ HIV ကို သူတစ်ပါးထံ မကူးစက်စေနိုင်တော့ပါ။ အဲဒါကို  (Treatment as Prevention) (TasP) ကုသသည့်နည်းဖြင့် ကာကွယ်ခြင်းလို့ ခေါ်ပါတယ်။
  • မှန်မှန် စစ်ဆေးမှုခံယူပါ – တကယ်လို့ သင် HIV ဆေးကို မှန်မှန် မှီဝဲနေသည့်တိုင် သင့်အနေနဲ့ မှန်မှန် စစ်ဆေးမှု ခံယူသင့်ပါတယ်။ HIV ရောဂါပိုး အမျိုးမျိုးရှိတဲ့အတွက် တစ်ချိန်တည်းတစ်ပြိုင်တည်း HIV ရောဂါပိုးတစ်မျိုးထက်ပိုပြီး ရှိနေနိုင်ပါတယ်။ တကယ်လို့ ဒီလိုဖြစ်နေရင် ဆေးကို ပြောင်းလဲဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။
  • သင့်မှာ လိင်ဆက်ဆံရာမှတဆင့် ကူးစက်ပျံ့နှံ့နိုင်တဲ့ ရောဂါကူးစက်မှု (STI) များ ရှိ၊မရှိ စစ်ဆေးမှုခံယူပါ။ – HIV ဆေးဝါးများကသင့်အား STI များမရအောင် ကာကွယ်မှုမပြုနိုင်ပါ။ တကယ်လို့ သင့်မှာ STI ရှိနေခဲ့ရင် သင်ဟာ HIV ပိုမိုလွယ်ကူစွာ ကူးစက် (ဒါမှမဟုတ် ရရှိ) နိုင်ပါတယ်။ STI များအတွက် မှန်မှန် စစ်ဆေးမှုခံယူပြီး ရှိနေရင် ဆေးကုသပါ။ သင် လိင်ဆက်ဆံမှုပြုတဲ့ ကြင်ဖော်ကြင်ဖက် (များ) ကိုလည်း စစ်ဆေးမှုခံယူပြီး ဆေးကုသသင့်ပါတယ်။
  • ကွန်ဒုံးများကို အသုံးပြုပါ – သင် လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အမြဲ အသုံးပြုပါ။
  • မူးယစ်ဆေးဝါး ထိုးသွင်းတဲ့ အပ်များ၊ ဆေးထိုးပြွန်များနဲ့ ဇွန်းများကို သူတစ်ပါးနဲ့ အတူမျှပြီးမသုံးပါနှင့်။
  • မိခင်နို့ရည် – တကယ်လို့ သင် HIV ဆေးသောက်နေရပြီး သင့်ကလေးကို မိခင်နို့ တိုက်တယ်ဆိုရင် သင့် HIV ဆရာဝန်နဲ့ဆွေးနွေးပါ။

HIV ရှိနေခဲ့ရင် တစ်ခြားသူများကို ပြောဖို့ လိုအပ်ပါသလား။


တရားဥပဒေအရ သင်ဟာ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို မဖြစ်မနေ အသိပေး ရပါမယ်။ –

  • သင် လိင်ဆံသူ ကြင်ဖော်ကြင်ဖက် ဒါမှမဟုတ် ကြင်ဖော်ကြင်ဖက်များ။ ဩစတြေးလျနိုင်ငံ တစ်ချို့သောပြည်နယ်များမှာ သင့်အနေနှင့် သင့်ကြင်ဖော်ကြင်ဖက်ကို လိင် မဆက်ဆံမီ မဖြစ်မနေ ကြိုတင် အသိပေးဖို့ လိုအပ်ပါတယ်။ ပြည်နယ်တစ်ခုနှင့်တစ်ခု မတူကြတဲ့အတွက် သင် အဲဒီနေရာကို ခရီးမထွက်မီ ကြိုံတင်စုံစမ်းပါ။
  • ဩစတြေးလျနိုင်ငံ ကာကွယ်ရေး တပ်ဖွဲ့။ တကယ်လို့ သင့်မှာ HIV ရှိနေရင် တပ်ဖွဲ့ကို မဝင်နိုင်ပါ။
  • တကယ်လို့ သင်ကလေယာဉ်မောင်းသူ ဖြစ်ခဲ့ရင်
  • တကယ်လို့ သင် ကျန်းမာရေး ဒါမှမဟုတ် ခရီးသွား အာမခံ ပေါ်လစီအချို့ ဝယ်လိုရင်
  • တကယ်လို့ သင် သွေး ဒါမှမဟုတ် ကျောက်ကပ်လို ခန္ဓာကိုယ်အင်္ဂါများ လှူလိုရင်။ တကယ်လို့ သင့်မှာ HIV ရှိနေရင် သင် သွေး ဒါမှမဟုတ် ခန္ဓာကိုယ်အင်္ဂါများ မလှူနိုင်ပါ။

သင့်အနေနှင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ပြောဖို့ မလိုပါ –

  • အလုပ်မှ အကြီးအကဲ
  • လုပ်ဖော်ကိုင်ဖက်များ
  • အခန်းဖော်များ
  • မိသားစုဝင်များ
  • အိမ်ရှင်
  • ကျောင်းဆရာ၊ ဆရာမ
  • အတန်းထဲမှ စာသင်ဘက်များ
  • မိတ်ဆွေအပေါင်းအသင်းများကို ပြောဖို့ မလိုပါဘူး။

သင် ပြောပြသင့်သောသူများမှာ –

  • သင့်ကို စမ်းသပ်စစ်ဆေးပေးဖို့နဲ့ ကုသမှုအတွက် အကူအညီပေးဖို့ သင့်ဆရာဝန်

•              သင့်ကို အကူအညီပေးနိုင်ရန်အတွက် ဆွေးနွေးအကြံပေးသူများ ဒါမှမဟုတ် သင့် HIV စောင့်ရှောက်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အခြားသူများကိုတော့ ပြောပြသင့်ပါတယ်။

ဘယ်နေရာက အကူအညီနဲ့ အကြံဉာဏ် ရနိုင်မလဲ။


ဩစတြေးလျနိုင်ငံမှာသင့်ကို အကြံဉာဏ်နဲ့ ကူညီပံ့ပိုးမှုပေးနိုင်တဲ့ HIV လူမှုအဖွဲ့အစည်း များစွာရှိပါတယ်။


အိပ်ခ်ျအိုင်ဗီ ပိုး လူမှုအဖွဲ့အစည်းထံမှ ကူညီမှုယူပါ

နောက်ထပ် အချက်အလက်များ