အသည်းရောင်ရောဂါ ဘီ ဆိုတာဘာလဲ။

အသည်းရောင်ရောဂါ ဘီ ဆိုတာ ကူးစက်ရောဂါပိုး (ဗိုင်းရပ်စ်) ရဲ့အမည်နဲ့ အဲဒီရောဂါပိုးက ဖြစ်စေတဲ့ ရောဂါကို ခေါ်ပါတယ်။

အသည်းရောင်ရောဂါ ဘီ က သင့်အသည်းကို မကောင်းဖြစ်စေပါတယ်။ အရက်အလွန်အကျွံသောက်ခြင်းကလည်း  ဒီလိုဖြစ်စေနိုင်သလို မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ တစ်ခြား ဓာတုဗေဒပစ္စည်းများနဲ့ တစ်ချို့ ရောဂါပိုးမွှားများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သင့်ကျန်းမာရေးအတွက် သင့်အသည်းက အလွန်အရေးကြီးပါတယ်။ အသည်းပျက်စီးရင် ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ သင် အလွန်မကျန်းမမာ ဖြစ်လာနိုင်ပါတယ်။

အသည်းရောင်ရောဂါ ဘီ ကို တစ်ခါတစ်လေ B ပိုး လို့လည်းခေါ်ကြပါတယ်။


အသည်းရောင်ရောဂါ ဘီ ကို ကျွန်ုပ် ဘယ်နည်းနဲ့ရနိုင်သလဲ။


အသည်းရောင်ရောဂါ ဘီ ရှိတဲ့သူရဲ့ သွေး ဒါမှမဟုတ် လိင်ဆက်ဆံရာမှ ထွက်တဲ့ အရည်များက သင့် သွေးစီးဆင်းတဲ့လမ်းကြောင်းထဲ ရောက်ခဲ့ရင် အသည်းရောင်ရောဂါ ဘီ ရတယ်။ သွေး ဒါမှမဟုတ် ခန္ဓာကိုယ်မှ အရည်များဟာ သင့်မျက်လုံးနဲ့ မမြင်လောက်အောင် သေးငယ်ပေမဲ့ သင် အသည်းရောင်ရောဂါ ဘီ ကို ရရှိလာနိုင်ပါတယ်။ 

မွေးကင်းစကလေးများနဲ့ ကလေးသူငယ်များအတွက်

  • အသည်းရောင်ရောဂါ ဘီ ရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်ဟာ တကယ်လို့ မီးဖွားချိန်မှာ ကလေးကို ကာကွယ်ဆေးကို မြန်မြန်မထိုးခဲ့ရင် မိမိရဲ့ကလေးမှာရောဂါပိုး ကူးစက်စေနိုင်ပါတယ်။
  • အသည်းရောင်ရောဂါ ဘီ ရှိနေတဲ့ ကလေးတစ်ယောက်က ကာကွယ်ဆေးထိုးမထားတဲ့ တခြားကလေးတစ်ယောက်ကို့  ကူးစက်စေနိုင်ပါတယ်။

 

အရွယ်ရောက်ပြီးသူများအတွက် အောက်ပါအကြောင်းတွေကြောင့် အသည်းရောင်ရောဂါ ဘီ ရရှိနိုင်ပါတယ်။ –

  • အမျိုးသမီးအင်္ဂါဇာတ်၊ စအို ဒါမှမဟုတ် ပါးစပ်ကနေတဆင့် ကွန်ဒုံးမပါဘဲ လိင် ဆက်ဆံခြင်း
  • အပ်တွေ၊ ဆေးထိုးပြွန်တွေ ဒါမှမဟုတ် ဇွန်းတွေအပါအဝင် ခန္ဓာကိုယ်တွင်း ထိုးထည့်တဲ့ တခြားပစ္စည်းတွေကို သူတစ်ပါးနဲ့ အတူမျှပြီး အသုံးပြုခြင်း
  • မသန့်ရှင်းတဲ့ ပစ္စည်းကိရိယာတွေနဲ့ ဆေးမင်ကြောင်ထိုးခြင်း၊ ဒါမှမဟုတ် ခန္ဓာကိုယ်တွင်အပေါက်ဖောက်ခြင်း
  • သွားပွတ်တံတွေ၊ မုတ်ဆိတ်ရိတ်ဓားတွေ ဒါမှမဟုတ် လက်သည်းပွတ်တိုက်တံတွေကို သူတစ်ပါးနဲ့ အတူမျှပြီး အသုံးပြုခြင်း
  • အပ်နဲ့ မတော်တဆ ထိုးမိခြင်း ဒါမှမဟုတ် ရောဂါကူးစက်ထားသော သွေး စင်ပြီးထိမိခြင်း

သင့်အနေနဲ့ အောက်ပါအကြောင်းတွေကြောင့် အသည်းရောင်ရောဂါ ဘီ မကူးစက်နိုင်ပါ

  • ပွေ့ဖက်ခြင်း
  • နမ်းခြင်း   
  • အစားအစာနဲ့ စားသောက်ရာမှာ အသုံးပြုတဲ့ အသုံးအဆောင်တွေကို သူတစ်ပါးနဲ့ အတူမျှသုံးခြင်း
  • အသည်းရောင်ရောဂါ ဘီ ရှိနေသူ ပြင်ဆင်ချက်ပြုတ်သော အစားအစာများကိုစားခြင်း
  • ပိုးမွှား ဒါမှမဟုတ် တိရစ္ဆာန် ကိုက်ခြင်းများ
  • ချွေး
  • အဝတ်လျှော်ခြင်း
  • နှာချေခြင်း ဒါမှမဟုတ် ချောင်းဆိုးခြင်း
  • ရေချိုးခန်းများ ဒါမှမဟုတ် အိမ်သာတွေကို သူတစ်ပါးနဲ့ အတူမျှ အသုံးပြုခြင်း
  • ရေကူးကန်များ ဖြစ်ပါတယ်။

 

အသည်းရောင်ရောဂါ ဘီ ရှိ၊မရှိ ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။


လူအများစုမှာ ရောဂါရှိသည့်ပုံစံတွေ ဒါမှမဟုတ် ရောဂါလက္ခဏာတွေကို မတွေ့ရတဲ့အပြင် မကျန်းမမာလည်း ဖြစ်မနေပါ။ သင် သိရဖို့ တစ်ခုထဲသောနည်းလမ်းက သွေးစစ်ဆေးခြင်း ဖြစ်ပါတယ်။

သင် အသည်းရောင်ရောဂါ ဘီ စပြီး ကူးစက်ရင် သင့်အနေနဲ့ အောက်ဖော်ပြပါအချက်တွေ ဖြစ်နိုင်ပါတယ်။ –

  • အော့အန်ခြင်း
  • ကိုယ်ပူခြင်း
  • စားချင်စိတ်မရှိခြင်း
  • ဆီးအရောင် ညစ်ခြင်း
  • အသည်းတွင် နာကျင်ခြင်း (လက်ျာဘက် နံရိုးများအောက်တွင်)
  • အဆစ်အမြစ်များ ကိုက်ခဲခြင်း
  • မျက်လုံးများနှင့် အသားအရေ ဝါနေခြင်း (အသည်းရောင် အသားဝါ ရောဂါ) တို့ ဖြစ်ပါတယ်။

အသည်းရောင်ရောဂါ ဘီ က ခန္ဓာကိုယ်ကို ဘာလုပ်သလဲ။


အသည်းရောင်ရောဂါ ဘီဟာ သင့်အသည်းထဲက ကလာပ်စည်းတွေကို ဝင်ရောက်ပြီးတော့ အသည်းကို မကောင်းဖြစ်စေပါတယ်။ သင့် ခန္ဓာကိုယ်ထဲက အသည်းထဲကရောဂါပိုးကို ချေဖျက်တိုက်ခိုက်ဖို့ကြိုးစားပါတယ်။ ဒီလိုပြန်တိုက်ရတဲ့အတွက် သင့်အသည်းကို ထိခိုက်ပြီး နှစ်ပေါင်းကြာတာနဲ့အမျှ အသည်းကို အလုပ်လုပ်ခြင်းက ရပ်ဆိုင်းစေနိုင်ပါတယ်။

အရွယ်ရောက်ပြီးသူ အများစုမှာ ခန္ဓာကိုယ်က အသည်းရောင်ရောဂါ ဘီ ရောဂါပိုးကို စတင်ကူးစက်တဲ့အချိန်မှ ၆ လ အတွင်း တိုက်ဖျက်ပြီးနောက် သင် နောက်ထပ်မံ မကူးစက်နိုင်တော့ပါဘူး။

ဒါပေမဲ့တစ်ခါတစ်လေမှာ ကလေးငယ်တွေနဲ့ လူကြီးတစ်ချို့အတွက် ခန္ဓာကိုယ်က ရောဂါပိုးကို မချေဖျက်နိုင်ဘဲ အသည်းရောင်ရောဂါ ဘီ က ခန္ဓာကိုယ်ထဲမှာ တစ်သက်တာလုံး  ရှိနေနိုင်ပါတယ်။ ဒါကို ‘chronic hepatitis B’ ‘နာတာရှည် အသည်းရောင်ရောဂါ ဘီ’ လို့ခေါ်ပြီး ဒါက အသည်းပျက်စီးခြင်း၊ အသည်းအမာရွတ်တက်ခြင်း (အသည်းရွတ် ရောဂါ) (cirrhosis) နဲ့ အသည်းကင်ဆာ ရောဂါဖြစ်စေနိုင်ပါတယ်။ ဆေးဝါးတွေက အသည်းပျက်စီးခြင်းကို လျှော့ချနိုင်ပြီး အသည်းကင်ဆာ ရောဂါကို ကာကွယ်နိုင်ပါတယ်။

တကယ်လို့ အသည်းရောင်ရောဂါ ဘီ ရှိနေခဲ့ရင် ဘာလုပ်ရမလဲ။


တကယ်လို့ သင်က ကောင်းနေတယ်လို့ ခံစာနရင်တော့ ဆရာဝန်နဲ့ ခြောက်လမှ တစ်ဆယ့်နှစ်လအတွင်း မဖြစ်မနေ တစ်ကြိမ် တွေ့ဖို့လိုအပ်ပါတယ်။ အကြောင်းက အသည်းရောင်ရောဂါ ဘီ က သင့်ကို မကျန်းမမာ မဖြစ်စေခြင်းကြောင့်ဖြစ်ပါတယ်။ တကယ်လို့ သင် နာမကျန်းဖြစ်တယ်ဆိုရင် သင့်အသည်း ပျက်စီးနေပြီဖြစ်တာကြောင့် ဖြစ်ပါတယ်။

သွေးစစ်ဆေးခြင်းတွေ အပါအဝင် သင့်ဆရာဝန်က Fibroscan® လုပ်ပါလိမ့်မယ်။ Fibroscan® ဆိုတာ သင့်အသည်း ပျက်စီးမှု ရှိ၊မရှိ ဒါမှမဟုတ် အသည်း အမာရွတ်တက်ခြင်း (အသည်းရွတ် ရောဂါ) (cirrhosis) ရှိ၊မရှိနဲ့ ဘယ်လောက်ဆိုးဝါးကြောင်း သင့်ဆရာဝန်ကို အသိပေးတဲ့ သောတလွန် အသံလှိုင်းနဲ့ ခန္ဓာကိုယ်တွင်း ဖြန့်ကြက်စစ်ဆေးပေးတဲ့ ကိရိယာဖြစ်ပါတယ်။ သင် ဆေး လိုအပ်၊ မလိုအပ်မှုနဲ့ အသည်းကုဌာနကို သွားဖို့ လိုအပ်၊မလိုအပ်တို့ကို ဆရာဝန်ကဆုံးဖြတ်ပေးပါလိမ့်မယ်။

အသည်းရောင်ရောဂါ ဘီ ကို ထိန်းသိမ်းကုသမှု ဒါမှမဟုတ် ပျောက်ကင်းအောင်ကုသမှု ပြုနိုင်ပါသလား။


ဟုတ်ကဲ့၊ အသည်းရောင်ရောဂါ ဘီ ကို ထိန်းသိမ်းကုသနိုင်ပါတယ်။

ဒါပေမဲ့ အသည်းရောင်ရောဂါ ဘီ ရှိနေသူတိုင်း ဆေး လိုအပ်တာ မဟုတ်ပါဘူး။ တကယ်လို့ သင် လိုအပ်ခဲ့ရင် သင့်ဆရာဝန်က သင့်ကို ပြောပြပါလိမ့်မယ်။

အသည်းရောင်ရောဂါ ဘီ ကို ဆေးဝါး နဲ့ ပျောက်ကင်းအောင် မကုသနိုင်ပါ။ ဒါပေမဲ့ ဆေးဝါးနဲ့ သင့်အသည်း ပျက်စီးမှုကို ထိန်းနိုင်ခြင်း၊ အသည်းကင်ဆာ ဖြစ်နိုင်တဲ့အန္တရာယ်ကို လျှော့ချနိုင်ခြင်းနဲ့ အသည်းကိုလည်း မိမိဘာသာ ပြန်လည်ပြုပြင်ခြင်းပြုဖို့ ကူညီနိုင်ပါတယ်။

သင့်အတွက် မည်သည့်ဆေးဝါးက အကောင်းဖစ်နိုင်မယ်ဆိုတာသိဖို့ သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

အသည်းကို ဘယ်လို အကူအညီပေးနိုင်သလဲ။


  • အရက်သေစာ လျှော့သောက်ပါ ဒါမှမဟုတ် လုံးဝမသောက်ပါနဲ့။
  • အဆီသိတ်မပါတဲ့၊ မျှတပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားပါ။
  • ဆေးလိပ်သောက်ခြင်းကို ဖြတ်ပါ ဒါမှမဟုတ် လျှော့ချပါ။
  • လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
  • သင့် စိတ်ဖိစည်းမှုကို ထိန်းသိမ်းပါ၊ ကူညီပံ့ပိုးမှု ရယူပါ။
  • တကယ်လို့ သင် တိုင်းရင်းဆေးများ၊ ဗီတာမင်များ၊ ဒါမှမဟုတ် တရုပ် တိုင်းရင်းဆေးတွေလို ဆေးဝါးများကို အသုံးပြုနေတယ်ဆိုရင် သင့်ဆရာဝန်ကို ပြောပြပါ။ အဲဒီဆေးဝါးများထဲက အချို့ဟာ အထူးသဖြင့် များများသုံးစွဲရင် ဒါမှမဟုတ် ရေရှည်စွဲပြီး သုံးစွဲရင် အသည်းကို ဒုက္ခပေးနိုင်ပါတယ်။
  • အခြားရောဂါကူးစက်မှုများဟာ သင့်ကျန်းမာရေးကို ပြင်းထန်စွာဆိုးကျိုးဖြစ်စေပြီး အသည်းကို ပိုပြီး ပျက်စီးစေနိုင်တဲ့အတွက် သင့်ကိုယ်သင် ကာကွယ်ပါ။
  • အသည်းရောင်ရောဂါ အေ အတွက် ကာကွယ်ဆေး ထိုးပါ
  • မူးယစ်ဆေးဝါးထိုးသွင်းတဲ့ အပ်များ ဒါမှမဟုတ် ဇွန်းများကို သူတစ်ပါးနဲ့ မျှပြီးမသုံးပါနဲ့
  • ကွန်ဒုံးများကို အသုံးပြုပါ

အသည်းရောင်ရောဂါ ဘီ မရရှိအောင် ဒါမှမဟုတ် မိမိထံမှ သူတစ်ပါးကို မကူးစက်အောင် ဘယ်လို ရှောင်ကြဉ်ရမလဲ။။


ရောဂါ ကာကွယ်ဆေးထိုးခြင်း

အသည်းရောင်ရောဂါ ဘီ ပျံ့နှံ့ခြင်းကို ရပ်တန့်စေဖို့ အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးခြင်းဖြစ်ပါတယ်။

ဒီနည်းလမ်းက အလွန်ဘေးကင်းပြီး သင့်ကို ၉၅%ထက်ပိုပြီး အကာအကွယ်ပေးပါတယ်။

သင့် အသက်အရွယ်ပေါ်မူတည်ပြီး ၆ လအတွင်း ကာကွယ်ဆေး ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိမ် ထိုးရပါတယ်။

ဩစတြေးလျနိုင်ငံမှာ အသက် ၁ နှစ်အောက် ကလေးများကို ၆ လ အတွင်း ကာကွယ်ဆေး ၄ ကြိမ် အခမဲ့ ထိုးပေးပါတယ်။ မွေးကင်းစကလေးဘဝမှာ ကာကွယ်ဆေး မထိုးခဲ့ရသောသူများအတွက် အသက် ၁၀ နှစ်မှ၁၃ နှစ်အတွင်း ကာကွယ်ဆေးထိုးကြဖို့ အကြံပေး တိုက်တွန်းထားပါတယ်။

တကယ်လို့ မိခင်လောင်းတစ်ယောက်ဟာ အသည်းရောင်ရောဂါ ဘီ ရှိနေခဲ့ရင် ကလေးဟာ မွေးပြီးဆြယ့်နှစ်နာရီအတွင်း ကာကွယ်ဆေး တစ်လုံး ထပ်ထိုးရမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် ကလေးကို အကောင်းဆုံးအကာအကွယ်ပေးပါတယ်။ မွေးစကလေးများ ၉ လအရွယ်မှာ သူတို့မှာ အသည်းရောင်ရောဂါ ဘီ ကို ခံနိုင်ရည်ရှိကြောင်း သေချာအောင် စစ်ဆေးခံဖို့ လိုအပ်ပါတယ်။

မိမိထံမှ သူတစ်ပါးကို အသည်းရောင်ရောဂါ ဘီ မကူးစက်အောင် –

  • သင်နဲ့ အနီးကပ်နေထိုင်သူများ ကာကွယ်ဆေးထိုးထားပြီးကြောင်း သေချာပါစေ။
  • ကွန်ဒုံးများကို အသုံးပြုပါ။
  • ခြောက်သွေ့နေတဲ့သွေး အပါအဝင် သွေးများပါရှိနေနိုင်တဲ့ သွားပွတ်တံများ၊ မုတ်ဆိတ်ရိတ်ဓားများ ဒါမှမဟုတ် တခြား တကိုယ်ရေသုံး ပစ္စည်းတွေကို အတူမျှပြီး မသုံးပါနဲ့။
  • သင် ဖုံးအုပ်မထားတဲ့အနာတွေကို မထိ၊မကိုင်ပါစေနဲ့။
  • အပ်များ၊ ဆေးထိုပြွန်များ ဒါမှမဟုတ် မူးယစ်ဆေးဝါး ထိုးသွင်းတဲ့ တခြား ပစ္စည်းကိရိယာများကို သူတစ်ပါးနဲ့ အတူမျှပြီးမသုံးပါနဲ့။
  • သွေး၊ သုတ်ရည်၊ ခန္ဓာကိုယ် အစိတ်အပိုင်း ဒါမှမဟုတ် ခန္ဓာကိုယ် တစ်ရှူးကို မလှူပါနဲ့။
  • တကယ်လို့ သင့်မှာ အသည်းရောင်ရောဂါ ဘီ ရှိနေပြီး ကိုယ်ဝန်လည်းရှိနေရင် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်လိုရင် သင့်ကလေးအတွက် လိုအပ်မဲ့ ဆေးဝါးများအကြောင်းကို သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

အသည်းရောင်ရောဂါ ဘီ ရှိနေခဲ့ရင် တစ်ခြားသူများကို ပြောဖို့ လိုအပ်ပါသလား။


  • သင့်အနေနဲ့ သင့်မိသားစု၊ သင်နှင့်အတူနေသူများနဲ့ သင့်လိင်ဆက်ဆံရာ ကြင်ဖော်ကြင်ဖက် (ဒါမှမဟုတ် ကြင်ဖော်ကြင်ဖက်များ) ကို ပြောပြသင့်ပါတယ်၊ ဒါမှသာ သူတို့ကို ရောဂါရှိ၊မရှိ စစ်ဆေးပြီး ကာကွယ်ဆေးထိုးခြင်း ပြုနိုင်မှာဖြစ်ပါတယ်။ ဒါတွေအတွက် သင့်ဆရာဝန်က သင့်ကို ကူညီပေးနိုင်ပါတယ်။
  • တကယ်လို့ သင် ဩစတြေးလျနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ (ADF) မှာ စစ်မှုထမ်းလိုရင် သူတို့ကို သင် မဖြစ်မနေ ပြောပြရပါမယ်။
  • သင့်အာမခံကုမ္ပဏီကို မဖြစ်မနေ ပြောပြရမယ်။ တကယ်လို့ သင် မပြောဘဲနေခဲ့ရင် တကယ်လို့ သင် နာမကျန်းဖြစ်ရင် ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရခဲ့ရင် သူတို့က သင့်ကို ငွေ ထုတ်ပေးလိမ့်မှာ မဟုတ်ပါဘူး။
  • တကယ်လို့ သင်ဟာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးတဲ့ ဝန်ထမ်း (ဥပမာ၊ ခွဲစိတ်ကု ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်လို) ကိုယ့်လက်ကိုယ်မမြင်နိုင်တဲ့ ကုသမှု လုပ်ထုံးလုပ်နည်းတွေ လုပ်ဆောင်ရတဲ့သူ ဖြစ်ခဲ့ရင် သင့်အနေနဲ့ သင့်အလုပ်ရှင် ဒါမှမဟုတ် ကြီးကြပ်သူကို မဖြစ်မနေပြောပြပြီး အထူးကုဆရာဝန်ထံမှ အကြံဉာဏ်ရယူဖို့ လိုအပ်ပါတယ်။

 

သင့်အနေနဲ့ သင့်အထက်အရာရှိ၊ သင်နဲ့အတူ အလုပ်လုပ်သူများ ဒါမှမဟုတ် အတူစာသင်နေသူများ ဒါမှမဟုတ် မိတ်ဆွေများကို ပြောပြဖို့ မလိုပါ။

 

သင့် သွားဆရာဝန် ဒါမှမဟုတ် ဆေးဆရာဝန်တို့ကို ပြောပြခြင်းက သင့်ကို အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ သူတို့အတွက် အကူအညီ ဖြစ်စေပါလိမ့်မယ်၊ ဒါပေမဲ့ ပြော၊မပြောဆိုတာဟာ သင့်ဆန္ဒသာဖြစ်ပါတယ်။ တကယ်လို့ သင်ကပြောပြဖို့ ဆုံးဖြတ်ခဲ့ရင် သူတို့က တခြား ဘယ်သူ့ကိုမှ ပြောပြခွင့် မရှိပါဘူး။

 

သင့်ကို ကိုယ်ခြင်းစာနားလည်သူများနဲ့ ကူညီပံ့ပိုးသူများကို သင် ပြောပြလိုရင် ပြောပြနိုင်ပါတယ်။ သင် ဘယ်သူ့ကို ယုံကြည်နိုင်တယ်ဆိုတာ ဆုံးဖြတ်ဖို့ အချိန်ယူစဉ်းစားပါ။

ဘယ်နေရာက အကူအညီနဲ့ အကြံဉာဏ် ရနိုင်မလဲ။


ဩစတြေလျားနိုင်ငံမှာ သင့်ကို အကြံဉာဏ်နဲ့ အကူအညီ ပေးနိုင်တဲ့ အသည်းရောင်ရောဂါ ဘီ လူမှုအဖွဲ့အစည်း များစွာရှိပါတယ်။

နောက်ထပ် အချက်အလက်များ